စဉ့်ကိုင် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၁၀၄၀၁၈) ဦး ထိုးနှံပေး ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာ သက်ကိုကိုလွင် (ရောဂါ နှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ပညာရေး ဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်း အဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှုမဖြစ် စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့်ရောဂါ ကူးစက်မှုလျော့နည်း စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများ သိရှိလိုက် နာစေရန်၊ အသံချဲ့စက်များ၊ HandSpaker များဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့အထိ First Dose (၅၆၄၂၆) ဦး နှင့် Second Dose (၄၇၅၉၂) ဦးတို့အား ထိုးနှံပေးပြီး ဖြစ်ရာ ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း