ပင်းတယ ဇန်နဝါရီ ၁၁
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်း (ပထမ) ဆုရရှိခဲ့သည့် ပင်းတယ မြို့နယ်ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုပွဲပြုလုပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်း အဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြိုင်ပွဲတွင် တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်း မည်ဆိုသည့် စိတ်ဓာတ်ဖြင့်၊ အနိုင်အရှုံးပဓာနမထားဘဲ ယှဉ်ပြိုင်ခြင်းသည် အဓိကဆိုတဲ့ ဆောင်ပုဒ်နှင့် အညီ ကြိုးပမ်းခဲ့မှုကြောင့် ရွှေတံဆိပ်ဆု (တံခွန်စိုက်ဒိုင်း) ဆုရရှိခြင်းဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကိုယ်စား ဂုဏ်ဆောင်ခဲ့သည့်အတွက် အားကစားသမားများ အားလုံးအား အထူးပင်ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြော ကြားသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဆုရပြေးခုန်ပစ် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ် (၃၀၀၀၀၀) အား ပေးအပ်ချီးမြှင့်ရာ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်မိုးမောင်နှင့် အားကစားသမားများက လက်ခံရယူခဲ့သည်။ ထို့နောက် အသင်း အုပ်ချုပ်သူနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့ ၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ ယူ-၁၈ ပြေးခုန် ပစ်ပြိုင်ပွဲ အမျိုသားတံခွန်စိုက်ဖလားနှင့် တံခွန်စိုက်ဖလားတို့အား အပ်နှံခဲ့ကြသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က နောင်နှစ်ပြိုင်ပွဲများတွင်လည်း ပြည်နယ် အဆင့်မှ နိုင်ငံကိုယ်စားပြုအဆင့်ထိ ရောက်ရှိအောင် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားပေးပြီး၊ ဆုရပြေး ခုန်ပစ် အားကစား သမားများ ကိုယ်စားအားကစားသမားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ သည်။ ပင်းတယမြို့နယ်အနေနှင့် အဆိုပါပြိုင်ပွဲတွင် ရွှေတံဆိပ် (၆) ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ်(၆)ခု ရရှိခဲ့ပြီး၊ ရမှတ်ပေါင်း (၈၄) မှတ်ဖြင့် ပြိုင်ပွဲဝင်မြို့နယ်ပေါင်း (၃၇) မြို့နယ် တွင် ပထမတံခွန်စိုက်ဖလားရရှိခဲ့ကြောင်း သိရသည်။
အေးအေးလတ်