ပျော်ဘွယ်မြို့နယ်တွင် နွားနို့ခဲလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

ပျော်ဘွယ် ဇန်နဝါရီ ၁၁

ပျော်ဘွယ်မြို့နယ်တွင် အသက်မွေးဝမ်းကြောင်းတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော နွားနို့ခဲလုပ်ငန်း လုပ်ကိုင် သူများမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နွားနို့ခဲလုပ်ငန်းလုပ်ကိုင်နေသူ သဘွတ်ခွဲကျေးရွာမှ ဦးစိန်ဝင်းက ကျွန်တော်တို့အနေနဲ့ နွားနို့ရဖို့အတွက် မနက်(၇)နာရီ လောက်ကတည်းက နွားခြံရှိတဲ့နေရာတွေ၊ နွားနို့ရောင်းချတဲ့အိမ်တွေမှာ သွားရောက် ဝယ်ယူရပါတယ်။ နွားနို့ တစ်ပိဿာကို (၁၃၀၀) ကျပ် ပေးဝယ်ရပါတယ်။ နွားနို့ခဲဖို့အတွက် မရိုးပင်လည်း လိုပါတယ်။ ကျွန်တော်တို့အရပ်ဒေသမှာ မရိုးပင်ရှားပါးတဲ့အတွက် တပ်ကုန်းမြို့အနီးဝန်းကျင်မှာ အခမဲ့ သွားရောက်ခုတ်ယူရပါတယ်။

နွားနို့ကို နို့ခဲလုပ်မယ်ဆိုရင် မရိုးပင်မှာရှိတဲ့ အသီး၊ အရွက်၊ ကိုင်းတို့ကိုစုပေါင်းပြီး နို့ရည်နဲ့လိုက်ဖက်အောင် မျှတစွာ ထည့်ရပါတယ်၊ မရိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ နို့ခဲပျက်ပါတယ်။ နွားနို့ပိဿာချိန်(၅၀)ကို နို့ခဲအဖြစ် ပြုလုပ် မယ်ဆိုရင် (၁၃)ပိဿာခန့်အထိ ထွက်ရှိပါတယ် ဟု ရှင်းပြသည်။

နွားနို့ခဲလုပ်ငန်းသည် သဘွတ်ခွဲကျေးရွာတွင် အများစုလုပ်ကိုင်သည့်လုပ်ငန်းတစ်ခုဖြစ်ပြီး တစ်ရွာလုံး အနေဖြင့် တစ်ရက်လျှင် နွားနို့ခဲပိဿာချိန် (၅၀၀) ဝန်းကျင်အထိ ထွက်ရှိကြောင်း၊ ထွက်ရှိလာသည့် နွားနို့ခဲ များကို ပျော်ဘွယ်၊ ရမည်းသင်း၊ အောင်ပန်း၊ တောင်ကြီး စသည့်မြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ ယနေ့ အချိန်၌ နွားနို့ခဲတစ်ပိဿာလျှင် ဖောက်သည်စျေး အနေဖြင့်(၈၀၀၀)ကျပ်၊ လက်လီစျေးအနေဖြင့် (၁၀၀၀၀) ကျပ် ရရှိနေခြင်းကြောင့် နွားနို့ခဲ လုပ်ငန်း ဆောင်ရွက်နေသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)