ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ချမ်းအေးသာစံ   ဇန်နဝါရီ  ၁၁

ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် သီရိဟေမာအရှေ့ရပ်ကွက်ရှိ အိမ်တော်ရာဘုရားဝင်းတွင် ပြုလုပ်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် အသက် (၁၈) နှစ် ပြည့်လာမည့်သူနှင့် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ရှေ့ပိုင်းမွေးဖွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးများတွင်  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

မြန်မာနိုင်ငံသား၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေတို့ဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းလုပ်ငန်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့အထိ ၁၈လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်