သထုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

သထုံ    ဇန်နဝါရီ   ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့နံနက်က သုဓမ္မဝတီမြို့သစ်ရှိ ရပ်ကွက်များအတွင်းသို့ လက်ကိုင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူများအား  အတတ်နိုင်ဆုံး မိမိအိမ်တွင်နေထိုင်ရေး၊ မိမိနေအိမ်ပြင်ပ ထွက်ခွာရပါက Mask ကိုစနစ်တကျ တပ်ဆင်ပြီး လူစုလူဝေးနေရာများကို ရှောင်ကြဥ်ရေး၊ လက်ကိုမကြာခဏ ဆေးကြောရေး၊ အပြင်မှ ပြန်လာတိုင်း Mask ကို စနစ်တကျ စွန့်ပစ်ပြီး အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ၊ အိမ်သားများနှင့် အနီးကပ် မထိတွေ့စေရေး၊ ရောဂါကူးစက်ပါက  နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာခြင်းဖြင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေး စသည်တို့ကို ပညာပေးလိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)