လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာဥပဒေများ အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး    ဇန်နဝါရီ  ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနံနက် (၁၁) နာရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေများ သိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်၊ စာပေဗိမာန်ဆုရ စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)နှင့် နေပြည်တော် တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က မသန်စွမ်းသူ အမျိုးအစားများ၊ မသန်စွမ်းသူများအတွက် ပြဋ္ဌာန်းပေးထားသည့် အခွင့်အရေးဥပဒေများ၊  မသန်စွမ်းသူများ၏ ပညာရေးဆိုင်ရာဥပဒေများ၊ မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ အလုပ်အကိုင်ရရှိမှုနှုန်း၊ မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခွင့်ဥပဒေများ၊ မသန်စွမ်းမှုကိုအကြောင်းပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုခြင်းများကို ကာကွယ်ပေးထားသည့် ဥပဒေများ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု၊ သင်တန်းစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှတင်ဆက်ပေးလျက်ရှိရာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေများ သိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် နှစ်ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)