ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်   ဇန်နဝါရီ  ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ် ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာအောင်သစ် ၏“မိမိဘဝမိမိထူထောင် အောင်မြင်ရေး” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အသင်းဝင်များဖြစ်သည့် ဒေါ်မို့မို့စံက “ယုံကြည်ခြင်းတန်ဖိုး”၊ ဒေါ်သင်းသင်းဆွေက “မိမိဘဝ မိမိအောင်မြင်အောင်တည်ဆောက် မိမိကိုယ်မိမိ စည်းကမ်းသေဝပ်စွာ”၊ မောင်နန္ဒကျော်က “မိမိဘဝ မိမိကိုယ်တိုင် စိတ်တိုင်းကျထူထောင်ရာတွင် အဟန့်အတားဖြစ်စေမည့် အကျင့်ဆိုးများ”၊ မောင်အောင်ခန့်မော်က “စိတ်အားထက်သန်ခြင်း” စသည့် စာရေးဆရာအောင်သစ် ရေးသားသည့် “မိမိဘဝ မိမိထူထောင် အောင်မြင်ရေး”စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)