ဆီဆိုင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းပြီး အခြေခံမြန်မာ့သိုင်းသင်တန်းကို ဇန်နဝါရီ ၈ ရက်နေ့မှစ၍ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြ ကျေးရွာရှိ ဘောလုံးအားကစားကွင်း၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
“တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယ ပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လုပ်ငန်းစဉ်ဖြစ်သော တစ်မျိုးသားလုံး လူထုလှုပ်ရှားမှု အသွင်ဖြင့် ဖြစ်ပေါ်လာ စေရေး၊ အားကစားကိုစနစ်တကျ တတ်သိနားလည်လေ့လာလိုက်နာရေး၊ မြန်မာလူမျိုးတိုင်း မြန်မာ့သိုင်း တတ်ကျွမ်းရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့သိုင်းကို ကျေးရွာရောမြို့ပါမကျန် ကျယ်ကျယ်ပျံ့ပျံ့ သိရှိစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစား သမားများ ပေါ်ထွန်းလာရေးကို ရည်ရွယ်၍ အခြေခံ မြန်မာ့သိုင်းသင်တန်းကို ဖွင့်လှစ် သင်ကြား ပေးခြင်းဖြစ်ကြောင်း” မြို့နယ်အားကစားမှူး ဦးဇော်ထွန်း ကပြောသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ(၃)ဦးတို့က နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား(၇၀)ဦး၊ ကျောင်းသူ (၅၀)ဦး၊ စုစုပေါင်း(၁၂၀)ဦးတို့အား ဇန်နဝါရီ ၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျောင်းပိတ်ရက်တွင် နံနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ်နှင့် ကျောင်းဖွင့်ရက် တွင် ညနေ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)