နောင်ချိုမြို့နယ်၌ ဘုရားစေတီ၊ ကျောင်း၊ မုခ်ဦး၊ တံတား၊ ရေတွင်းရေကန် သာသနဝတ္တကမြေ၊ မော်တော်ယာဉ်များ လှူဒါန်းမှုအတွက် ရေစက်ချမင်္ဂလာ ကျင်းပ

နောင်ချို ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်ရှိ ကျောက်ဂူဇေယျသုခ  သီလရှင် စာသင်တိုက်၌ တောင်ရပ်ကွက်နေ အလှူရှင်ဒါယိကာကြီး ဦးကြည်လင်း + အလှူဒါယိကာ ဒေါ်ခိုင်ခိုင်ဦး မိသားစုတို့မှ ဘုးရာစေတီ၊ ကျောင်း၊ မုခ်ဦး၊ တံတိုင်း၊ ရေတွင်းရေကန်၊ သာသနဝတ္တကမြေ၊ မော်တော်ယာဉ်များ လှူဒါန်းမှု တို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဂူတောရဆရာတော်ဘုရားထံမှ ဧည့်ပရိသတ်များကရှစ်ပါး သီလခံယူဆောက် တည်ကြပြီး၊ မြို့နယ်သံဃာနာယက ဆရာတော် ဟော်တော်ကျောင်းတိုက် ဆရာတော်မှဩ ဝါဒစကားမိန့်ကြားခဲ့သည်။ ၎င်းနောက် ပင့်သံဃာများအား အလှူရှင်များမှလှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကာ တိပိဋကဓရ၊ တိပိဋကကောဝိဒကမ္ဘောဇ ဆရာတော်မှလှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားတော်ချီးမြှင့်၍ ရေစက်သွန်းချအမျှဝေပေးခဲ့ကြသည်။

လှူဒါန်းရာတွင် ဇေယျသုခသီလရှင်စာသင်တိုက်၌ တည်ထားကိုးကွယ်တော်မူအပ်သော စေတီတော် (၁)ဆူ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်(၃)ဆူ၊ နဂါးရုံဘုရားအတွက် အလှူငွေကျပ်(၁၀)သိန်းနှင့် ကြေးစည်၊ ကြေးမောင်း၊ ခေါင်းလောင်း၊ သီလရှင်စာသင်တိုက်အတွက် သာသန ဝတ္တကမြေ(၁)ဧက၊ တိပိဋက ကမ္ဘောဇဆရာတော်အား၊ သာသန ဝတ္တကမြေ (၁၀. ၆၂)ဧက၊ ဇေယျသုခသီလရှင် စာသင်တိုက်အတွက် ထေရာဝါသ(၁)ထပ်ဆောင်၊ ပီတိ သုခ(၄)ထပ်ဆောင်၊ မင်္ဂလာသုခ(၂)ထပ်ဆောင်၊ ဓမ္မသုခ(၂)ထပ်ဆောင်၊ သဗ္ဗသုခ(၁)ထပ်ဆောင်၊ မုခ်ဦးနှင့် မဟာတံတိုင်းများ၊ အဝီစိစက်ရေတွင်းနှင့်ရေကန်များ၊ လျှပ်စစ်မီးနှင့်မီးစက်၊ ရေစက်၊ ရေမော်တာများ၊ သန့်စင်ခန်း (၂၀)ခန်း၊ မော်တော်ယာဉ်ကား(၂)စီးနှင့် ကားဂိုဒေါင်၊ ထာဝရငွေပဒေသာပင်အတွက် အလှူတော်ငွေ ကျပ် သိန်း (၁၀၀)၊ ပိဋကတ်သုံးပုံကျမ်းစာအုပ်များနှင့် မှန်ဘီရိုကြီး (၃)လုံး၊ လစဉ်ပညာရေးထောက်ပံ့ငွေကျပ် (၁)သိန်း၊ လစဉ် စက်သုံးဆီ (၅)ပုံး၊ နှစ်စဉ်သီလရှင်ဝတ်စုံများနှင့် ဖိနပ်များ၊ ဆွမ်းချက်ဆောင်မီးဖိုနှင့်စားပွဲ၊ ထိုင်ခုံ၊ အခင်းကော်ဇော်၊ ပရိဘောဂ အသုံးအဆောင်များကို လှူဒါန်းခဲ့မှုများအပြင် ပင့်သံဃာဆရာတော်ကြီး အပါး (၅၀)၊ သီလရှင်ဆရာကြီး ၊ ဆရာလေး အပါး (၁၇၀)တို့ကို လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ကျောက်ဂူ၊ ဇေယျသုခသီလရှင် စာသင်တိုက်တွင် ဆရာလေးကြီး၊ ဒေါ်သုကေသီ ဦးဆောင်မှုဖြင့် အနယ်နယ် အရပ်ရပ်မှ သီလရှင်ဆရာလေးအပါး (၁၁၀) သီတင်သုံး နေထိုင်လျက်ရှိပြီး အလှူရှင်မှ အမျိုးသမီးသာ သနာအဓွန့်ရှည်တည်တံ့စေရေးအတွက် အထောက်အပံ့ကောင်းဖြစ်စေရန်၊ ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ကြောင်း ဇေယျသုခ သီလရှင်စာသင်တိုက်မှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)