မိတ္ထီလာနှင့် သာစည် မြို့နယ်များတွင် ရောင်စုံမေမြို့ပန်းများကို တပိုင်တနိုင်စိုက်ပျိုးရောင်းချလျက်ရှိ

မိတ္ထီလာ ဇန်နဝါရီ ၁ဝ

မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ ၊ ရွာသာအေး ကျေးရွာများနှင့် သာစည်မြို့နယ်ရွှေလှံ၊ ညောင်အိုင်၊ မ္ဘားမြင့်ကျေးရွာများတွင် ရောင်စုံမေမြို့ပန်းများကို ဒေသခံများက တပိုင်တနိုင်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

မေမြို့ပန်းက အနီရောင်၊ ပန်းနုရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင် စတဲ့အရောင်တွေစုံပြီး ရောင်းတန်းလှတော့ ဒီဘက်ဒေသတွေမှာ ရောင်စုံ မေမြို့ပန်းကို တပိုင်တနိုင်စိုက်ပျိုးပြီး ရပ်ကွက်၊ ကျေးရွာစျေးတွေမှာ ကိုယ်တိုင်ပြန်လည်ရောင်းချကြတယ်။ ရောင်စုံမေမြို့ပန်းတွေကဘုရားကပ်လှူပူဇော်တဲ့ ဘုရားပန်းတွေထဲမှာ အိမ်ရှင်မတွေ အကြိုက်များတဲ့ပန်းများဖြစ်ပြီး ပန်းစီးအရွယ်အစားအလိုက် တစ်စီးကိုနှစ်ရာကျပ်၊ ငါးရာကျပ်ကနေ တစ်ထောင်ကျပ်အထိ ရောင်းချကြတာပါ။ မိတ္ထီလာမြို့နယ်ထဲမှာ ရှမ်းတဲ၊ ရွာသာအေးကျေးရွာ၊ သာစည်မြို့နယ်ထဲမှာ ရွှေလှံ၊ ညောင်အိုင်၊ ကမ္ဘားမြင့်ကျေးရွာတွေမှာ ရောင်စုံမေမြို့ပန်းတွေကို တပိုင်တနိုင်ရောင်းချဖို့ စိုက်ပျိုးကြပါတယ်ဟု ရှမ်းတဲကျေးရွာရှိ မေမြို့ပန်း စိုက်ပျိုးရောင်းချသူ ဒေသခံတစ်ဦးက ပြောသည်။

မိတ္ထီလာဒေသ၌ ရောင်စုံမေမြို့ပန်းများကို တပိုင်တနိုင်ရောင်းချရန်အတွက် စိုက်ပျိုးရာတွင်ပျိုးထောင်ချိန်မှ စျေးကွက်တွင်ရောင်းချနိုင်သည့် ပန်းပင်အရွယ်အထိ  သုံးလခန့် ရေသွင်းစိုက်ပျိုးကြသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးလေ့ရှိကာ ဖေဖော်ဝါရီနှင့် မတ်လများအထိ ပန်းပင်နုတ်၍ ရောင်းချ ကြောင်း သိရသည်။  

ချမ်းသာ