ပုဗ္ဗသီရိ ဇန်နဝါရီ ၁၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးမှကြီးမှူး၍ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ (ဘုရင့်နောင်)နှင့် မြန်မာနိုင်ငံ ကုန်သေတ္တာတင် ယာဉ်အသင်း(ဗိုလ်တထောင်)တို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်သည့် အဆင့်မြင့်ယာဉ်မောင်း သင်တန်းအမှတ်စဉ် (၅၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကုန်လမ်းပို့ဆောင်ရေး အင်ဂျင်နီယာသင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကုန်လမ်းပို့ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ခ”လိုင်စင်သက်တမ်း သုံးနှစ်ပြည့်ပြီး အသက် ၂၁နှစ် အထက်ရှိသူ နိုင်ငံသားများအား အဆင့်မြင့်ယာဉ်ကြီးမောင်းနှင်ရာတွင် ဘေးကင်းလုံခြုံစွာဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျမောင်းနှင်နိုင်သော အရည်အသွေး ပြည့်ဝသည့် ယာဉ်မောင်းကောင်းများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ကုန်လမ်းပို့ဆောင်ရေးအနေဖြင့် နိုင်ငံပိုင်အခန်းကဏ္ဍမှ နိုင်ငံတော်အတွက် ROAD SAFETY အရ လိုအပ်လျက်ရှိသော အဆင့်မြင့်ယာဉ်ကြီးမောင်းသင်တန်းအား လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံသား များ၏ အလုပ်အကိုင် အခွင့်လမ်းကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေခြင်းဖြင့် ယာဉ်တိုက်မှုဖြစ်စဉ်များ လျော့နည်းကျဆင်း လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း လူစွမ်းအားအရင်းအမြစ် တိုးတက်လာစေခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော အကျိုးကျေးဇူးများရရှိမည်ဟု မျှော်မှန်းပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထိုအဆင့်မြင့်ယာဉ် မောင်းကြီးသင်တန်းကို နေပြည်တော်ကုန်လမ်းပို့ဆောင်ရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ်(၁)မှ (၅၂)ထိ သင်တန်းသား (၂၃၉၃)ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရ သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကုန်လမ်းပို့ဆောင်ရေးမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသူရိန်ဝင်း အဆင့်မြင့် ယာဉ်ကြီးမောင်း သင်တန်းကျောင်းအုပ်ကြီး မန်နေဂျာ ဦးအောင်မြင့်စိန်နှင့် တာဝန်ရှိသူများ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား(၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)