မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မိုင်းယန်း     ဇန်နဝါရီ     ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများသတိပြုရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့်  လှည့်လည်နှိုးဆော် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ အလုံပိတ်အခန်းများနှင့် လေဝင် လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပြည်သူတစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး