ရွှေကူ ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က သင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစုဝင်ငွေတိုးပွား၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုသန်းက သင်တန်းနှင့်ပတ်သက်သည့် သင်ကြားမည့်အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၃၅)ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုသန်းနှင့် သင်တန်း နည်းပြဒေါ်မာမာလင်း၊ ဒေါ်ဝုန်ငိုက်ဟွဲတို့က ဘက်စုံသုံးဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာရည်၊ မျက်နှာသစ်ဆပ်ပြာ အမျိုးမျိုး၊ အလှဖယောင်းတိုင်၊ ဖူဂျီခရင်ပြုလုပ်နည်း၊ ခေါင်းလျှော်ရည်(ဓါတု+သဘာဝ)၊ Hand Gel ပြုလုပ်နည်း စသည်တို့ကို ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်မှ ၁၇ ရက်နေ့အထိ (၈)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)