သထုံ ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရာဘာစိုက်ပျိုးသူ တောင်သူများသည် ရာဘာပင်များ အရွက်ကြွေချိန်၊ ရွက်နုလဲချိန် ဖြစ်၍ မြေအစိုဓါတ်နည်းလာပြီး ရာဘာစေး ထွက်ရှိမှု နည်းလာသော်လည်း ဈေးနှုန်းအနည်းငယ် မြင့်တက်လာသောကြောင့် အဆင်ပြေကြောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများထံမှ သိရသည်။
"ရာသီ စချိန်ကတော့ အစေးအထွက်ကောင်းတယ် ခုချိန်ကတော့ နှစ်စဉ်ပါဘဲ အရွက်ကြွေချိန်၊ ရွက်နုလဲချိန် မြေအစိုဓါတ်နည်းတော့ အစေးအထွက် နည်းတာပေါ့။ ဒါပေမယ့် ဈေးက နည်းနည်းပြန်လိုက်တက်လာတော့ မဆိုးဘူးလို့ ပြောရမယ်" ဟု ညောင်ချောင်းကျေးရွာမှ ရာဘာစိုက်တောင်သူ ဦးဝင်းဇော် က ပြောသည်။
သထုံမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူ တောင်သူ အများစုမှာ ခြံပိုင်ရှင်နှင့် လုပ်ကိုင်သူ အကျိုးအမြတ် ထက်ဝက်စားစနစ်ဖြင့် လုပ်ကိုင်သူ များပြားကြောင်း၊ ရာဘာစေးအထွက်နှုန်း နည်းလာမှု၊ နယ်မြေလုံခြုံရေးအခြေအနေအရ အစေးခြစ် အလုပ်သမားများ ပျက်ရက်များလာမှု စသည့်အခက်အခဲအချို့ ရှိနေသော်လည်း ရာဘာ ဈေးနှုန်းမှာ တက်ရိပ်ပြပြီး အနည်းငယ်မြင့်တက်လာရာ ဆက်လက် မြင့်တက်ရန် မျှော်လင့်ကြောင်း တောင်သူများထံမှ သိရသည်။
"ကမ္ဘာ့ဈေးကွက်လည်း တက်တယ်၊ ငွေဈေးလည်း နည်းနည်း တက်နေတယ်၊ နောက်ပြီးတော့ အခု ရွက်ခြွေရာသီ ရောက်လာပြီ အထွက်နည်းလာပြီး၊ ပစ္စည်း နည်းလာတယ်၊ ပစ္စည်းပုံမှန်ထက်ကို အထွက်နှုန်း လျော့လာတယ်၊ ဒီမှာတော့ ခြံဖွင့် ရာသီအစမှာ ဈေးကောင်းတယ်၊ နောက်ပိုင်း မှိုင်းကျ တစ်ပေါင်ကို ၁၅၀ ကျပ်လောက် ဈေးလျော့သွားတယ်၊ ခုတော့အထွက်နည်းချိန် ဈေးပြန်တက်တာပေါ့၊ ဈေးကထပ်ပြီးတက်ဖို့ အလားအလာရှိနေပါတယ်" ဟု သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ရာဘာရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
သထုံမြို့နယ်တွင် ရာဘာခြံဖွင့်ရာသီဖြစ်သည့် ပြီးခဲ့သည့် စက်တင်ဘာလက မှိုင်းကျ တစ်ပေါင်လျှင် ၁၀၀၀ ကျပ် ဝန်းကျင်ခန့် ဈေးဖွင့်ခဲ့ရာမှ ၈၅၀ ကျပ်ဝန်းကျင်ခန့်အထိ ပြန်လည် ကျဆင်းသွားခဲ့ပြီး ယခုအခါ ၁၁၀၀ ကျပ် ဝန်းကျင်ခန့် အထိ ဈေးနှုန်းပြန်လည်မြင့်တက် လာကြောင်း သိရသည်။
မွန်ပြည်နယ်သည် ရာဘာစိုက်ဧက ၅ သိန်းကျော် ရှိပြီး နှစ်စဉ်ရာဘာ တန်ချိန် တစ်သိန်း ကျော်ထွက်ရှိကြောင်း ထွက်ရှိသည့် ရာဘာများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချနေရကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)