ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ် အိုမီခရွန်သတိပြုကာကွယ်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် လှည့်လည် အသိပေးနှိုးဆော်

ရမည်းသင်း ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇ ပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့် ကူးစက် မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပျဉ်တပ် ရှမ်းစုရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍  ယနေ့နံနက် ၉ နာရီက ပျဉ်တပ်ရှမ်းစုရပ်ကွက်ကြီးအတွင်း လှည့်လည် အသိပေး နှိုးဆော်ကြောင်း သိရသည်။

ထိုသို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် အတတ်နိုင်ဆုံးမိမိနေ အိမ်တွင်း၌သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊ ပြင်ပမှ လာသော ဧည့်သည်များ လက်မခံကြရန်နှင့် နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊  အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊  အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်မပျက် မကွက်ထိုးနှံကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိ ပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကာကွယ်ဆေး ထိုးပြီးသော် လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်တို့ကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လှည့်လည်အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ပြန်/ဆက်)