ခေါဇာမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ခေါဇာ  ဇန်နဝါရီ   ၁ဝ

မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ မွန်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်း အဖွဲ့များ၏  ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်း တို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲ သစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင်  ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံသို့ပင်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် အထူးသတိပြု ကြရမည်ဖြစ်ကြောင်း သို့ဖြစ်ပါ၍  မိဘပြည်သူများအနေနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက် နာကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင် ပေးကြပါရန်  တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ခေါဇာ(ပြန်/ဆက်)