မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

မုဒုံ   ဇန်နဝါရီ  ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင် ကာကွယ်ရေး အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေးလိုက်လံနှိုးဆော်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ ကူညီပံ့ပိုးမှုများအပြင်  ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု  ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံ နိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကို ကာကွယ် တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊  မိဘပြည်သူများအနေနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း    နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး  ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော စည်းကမ်းချက် များအား ပြည်သူများ အနေဖြင့် ဆက်လက် လိုက်နာကျင့်သုံးသွား ကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန်  တိုက်တွန်းနှိုးဆော် ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)