ညောင်ဦး ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း (Omicron)ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော (Omicron)အပါအဝင်ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါကူးစက်ပြန်ပွားမှု ရောဂါကာ ကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားရန်၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများနှင့် စကား ပြောဆိုခြင်း၊ နှာခေါင်းစည်းမတပ်ပဲဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ကြာ၊ မကြာခဏဆေးကြောရန်၊လူစုလူ ဝေးရှောင်ရှားရန်၊သက်ကြီးရွယ်အိုများ၊ ဆီးချို၊သွေးချိုနှင့်နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ် ၍မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်း ညွှန်ချက်များကို ပြည်သူအားလုံးက ကိုယ်စီလိုက်နာကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD