မြစ်သားမြို့နယ် အောင်ချမ်းသာကျေးရွာတွင် သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့ပြသ

မြစ်သား ဇန်နဝါရီ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာတွင် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ၌ သွင်းအားစုသက်သာစေရန်နှင့် မြေဆီမြေဩဇာ ကောင်းမွန်စေရေးနှင့် ဓာတုဓာတ်ကြွင်းကင်းစေရန်အတွက် တောင်သူဦးရဲနိုင်ဝင်း၏ စိုက်ခင်း၌ ယနေ့ နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့ပြသပေးခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က စိုက်ပျိုးရေးတောင်သူများ သဘာဝမြေဆွေးပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာအတွင်း အာဟာရဓာတ်ရေရှည်အကျိုးအာနိသင်ရရှိ စေမှာဖြစ်ကြောင်းနှင့် သဘာဝမြေဩဇာပြုလုပ်ရာတွင် တိရိစ္ဆာန်များ၏ အညစ်အကြေးများ၊  စွန့်ပစ် သီးနှံသစ်ရွက်များ၊ ကောက်ရိုး၊နှမ်းရိုးများဖြင့် လွယ်ကူစွာပြုလုပ်နိုင်သဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး စိုက်ပျိုးရေး လုပ်ငန်းများတွင် များစွာအကျိုးရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝ မြေဩဇာ ပြုလုပ်ခြင်းများ လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

အဘာဝမြေဆွေးပြုလုပ်ရာတွင် တိရိစ္ဆာများ၏အညစ်အကြေးများ၊ စွန့်ပစ်အသီး၊ အရွက်၊ အရိုး စသည်တို့ဖြင့် ပြုလုပ်နိုင်ပြီး အလျား(၆)ပေ၊ အနံ(၄)ပေ၊ အမြင့် (၃)ပေရှိ အရည်အသွေးပြည့် နွားချေး သဘာဝမြေဆွေး ပြုလုပ်မည်ဆိုပါက  ဝါးကပ်ကြမ်းအတွက်ငွေကျပ်(၂၇၀၀၀)၊ ဝါးတိုင်အတွက် ငွေကျပ် (၃၀၀၀)၊ နွားချေးအတွက် ငွေကျပ်(၃၀၀၀)၊ ဖွဲနု အတွက်ငွေကျပ်(၇၂၀၀)၊ ပလပ်စတစ်အတွက် ငွေကျပ် (၃၈၀၀)၊ အသင့်သုံး (EM)အတွက် ငွေကျပ်(၆၀၀၀) စုစုပေါင်း ငွေကျပ်(၅၀၀၀၀) ကုန်ကျမည် ဖြစ်ကြောင်းနှင့် သဘာဝမြေဩဇာ စတင်ပြုလုပ်ပြီး(၁၄)ရက်အကြာတွင် စိုက်ခင်းများတွင် စတင် အသုံးပြုနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)