မလှိုင်မြို့နယ်တွင်  ပဲစင်းငုံပေါ်ချိန် တောင်သူများ ဈေးကောင်း ရရှိနေ

 မလှိုင်  ဇန်နဝါရီ ၁ဝ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ ဒေသခံတောင်သူများ ပဲစင်းပေါ်ချိန် ဈေးကောင်းရနေသဖြင့် ဈေးကောင်းအမှီ ရောင်းချနိုင်ရေး ကျိုးစားဆောင်ရွက်လျက်ရှိကြောင်း‌ ကူကြီးကျေးရွာမှ ဒေသခံ တောင်သူ တစ်ဦးထံမှ ယမန်နေ့က သိရသည်။

  “ဒီနှစ်ပဲစင်းငုံပေါ်ချိန်မှာ မနှစ်ကထက် ‌ဈေးပိုကောင်းတယ်၊ မနှစ်က နှစ်သောင်းခွဲ ပတ်ဝန်းကျင် လောက်ပဲစရောင်းရတာ နောက်ပိုင်းမှသုံးသောင်းနီးပါးဖြစ်လာတာ။ ဒီနှစ်ပေါ်ပေါ်ခြင်း သုံးသောင်းကျော်က စရောင်းရတာ ခု သုံးသောင်းကိုးထောင်/လေးသောင်းဖြစ်နေပြီဆိုတော့ ဈေးကောင်းရတယ် ပြောရမှာပေါ့ လောလောဆယ် လေးသောင်းဈေး ရောင်းရပါတယ်၊ ဒီဈေးနဲ့ရောင်းရရင် တောင်သူတွေအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိသေးတာပေါ့၊ ဒါကြောင့် ဈေးကောင်းချိန် အမှီရောင်းချနိုင်ရေး အစေ့အဆန် မြန်မြန်ရရှိအောင် လူအင်အား ပိုသုံးပြီးဆောင်ရွက်နေကြောင်း ကူကြီးကျေးရွာမှ တောင်သူ ဒေါ်တဆုပ်က ပြောပြသည်။

ပဲစင်းငုံကို မိုးဦးကာလတွင် နှမ်း၊ ဝါ သီးနှံများနှင့် ရော၍ သီးညှပ်အနေဖြင့် အများစု စိုက်ပျိုး လေ့ ရှိကြပြီး တောင်သူများအတွက် စိုက်ပျိုးစရိတ် သက်သာခြင်း၊ ပဲစင်းငုံသီးထုတ်နှင့် အရွက်သည် နွားစာရရှိခြင်းတို့ကြောင့် တောင်သူအများစုက အမြဲတစေထည့်သွင်း စိုက်ပျိုးလေ့ ရှိကြသည်။ မိုးဦး ကာလ စိုက်ပျိုးခဲ့သော ပဲစင်းငုံကို  နတ်တော်၊ ပြာသိုလများတွင် ခုတ်ယူရကြောင်း၊ ယခင်က ပဲစင်း ငုံရိုး(အစေ့ ထုတ်ပြီး အပင်)ကို ထင်းအဖြစ် ထန်းတက်သမားများထံ ရောင်းချကြရပြီး ယခု အခါထန်းတက်သမားများ မရှိသဖြင့် ပဲစင်းငုံအရိုးကို ယာခင်းများတွင်ထုတ်၍ မီးရှို့နေကြရကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)