တွံတေး၌ သဘာဝရေပြင် သဝန်းတောချောင်းအတွင်း ငါးကောင်ရေလေးသိန်း ငါးမျိုးများစိုက်ထည့်

တွံတေး  ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် တွံတေးငါးလုပ်ငန်းစခန်းတို့မှ ငါးသံယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက တွံတေးမြို့နယ်၊ သဝန်းတောချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂)ဦးဝင်းမြင့်၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်နှင့် ဝန်ထမ်းများ၊ တွံတေးငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးရဲဝင်းသောင်းနှင့် ဝန်ထမ်းများက (၂)လက်မအရွယ် ငါးခုံးမကြီး ငါးကောင်ရေ (၄၀၀၀၀၀) အား  ငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာ ဖူလုံစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် ငါးမျိုးများ စိုက်ထည့်ပေးခဲ့ပြီး အဆိုပါ ငါးသားပေါက်များကို တွံ​တေး ငါးလုပ်ငန်းစခန်းမှ သားဖောက် ထုတ်လုပ်ပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် သဘာဝရေပြင်နှင့် မြစ်၊ ချောင်းများသို့ ငါးကောင်ရေ စုစုပေါင်း (၁၀) သိန်းအား ငါးမျိုးစိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူ တွံတေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်ထံမှ သိရသည်။

ယင်း သဝန်းတောချောင်းမှတစ်ဆင့် မဒိုင်အင်းချောင်း၊ ကရင်မူတူးအင်း၊ တမံကြီးအထက်၊ အောက်အင်း၊ ဝင်ကြီးလဘွတ်အင်း၊ ကျုံတာအင်း၊ အဘေအိုင်လမုအင်း၊ အိုင်မရိအင်းတို့စီ ငါးသားပေါက်များ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက် အင်းချောင်းများမှ ငါးကုန်ထုတ်လုပ်မှု မြင့်မားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား