သုံးခွ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား စား၀တ်နေရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူရရှိနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသားစသည့် စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က သုံးခွမြို့ မဈေးအနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
ယင်းသို့ရောင်းချရာတွင် ဆီငါးဆယ်သားတစ်ဗူးကို (၁၈၅၀)ကျပ်နှုန်းဖြင့်ဗူး(၁၂၀)အား လည်းကောင်း၊ ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့် ငါးပြည်အိတ် (၂၈)အိတ်အား လည်းကောင်း၊ ဧည့်မထဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် (၃၅)အိတ်အား လည်းကောင်း၊ အမဲသားတစ်ပိဿလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့်(၁၀) ပိဿအား လည်းကောင်း၊ ဆိတ်သား တစ်ပိဿလျှင် (၂၀၀၀၀)နှုန်းဖြင့် (၁၃)ပိဿအားလည်းကောင်း ရွှေလျားမော်တော်ယာဉ်ဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာနေရာသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် စည်ပင်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များကို အဆင်ပြေ ချောမွေ့စွာ၀ယ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကားများဖြင့် လာရောက်လှည့်လည် ရောင်းချခြင်းကို တစ်ပတ်လျှင်(၁)ကြိမ် လာရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)