ပျဉ်းမနားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာလအတွင်း အပြီးဆောင်ရွက်မည်ဖြစ်

ပျဉ်းမနား  ဇန်နဝါရီ ၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပျဉ်းမနားမြို့နယ်အနေဖြင့် (၅၃)ရာခိုင်နှုန်းကျော် ဆောင်ရွက်ပေးပြီးဖြစ်ကာ လာမည့်အောက်တိုဘာလအတွင်း ရာနှုန်းပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ကျေးရွာများသို့ အရှိန်အဟုန်ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ၌ ဆောင်ရွက်ပေးရာတွင် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးကျော်သိန်းဆိုင်နှင့် ဒက္ခိဏခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်တို့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်း အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လက်ကမ်းစာစောင်များဖြန့်ဝေပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည် ထောင်စုနယ်မြေဦးစီးမှူး ဦးကျော်သိန်းဆိုင်က ပေးအပ်ရာ ကျေးရွာပြည်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်း အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်း၊ အိမ်‌ထောင်စုလူဦး‌ရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်သွင်းပေးခြင်း၊ သေစာရင်းပယ်ဖျက်ခြင်းနှင့် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့တွင် ကျွန်းဦးကျေးရွာနှင့် မအူပင်ကျေးရွာများ၌ နိုင်ငံသားစိစစ်ရေးကတ်(၁၄၀)ကတ်အား ဆောင်ရွက်ပေးပြီး အိပ်ထောင်စု(၄၉၉)စုတို့၏ အိမ်ထောင်စုစာရင်းများအား တိုက်ဆိုင်စစ်ဆေးပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး၊  ဦးစီးမှူး ဦးသန်းထွန်းအောင်ထံမှ သိရသည်။

ဇော်ဖြိုး(ပြန်/ဆက်)