ဒလမြို့နယ်စာရေးဆရာ အသင်းဝင်များအား ၂၀၂၂ နှစ်ဦးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရေး ထောက်ပံ့ငွေများပေးအပ်

ဒလ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်စာရေးဆရာ အသင်းဝင်များအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း  အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး အခက်အခဲအချို့ကြောင့် အဆင်ပြေစေရေးနှင့် ၂၀၂၂ ခုနှစ် နှစ်ဦးကာလတွင် မြို့နယ်စာရေးဆရာများအား တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုစေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက  ကမာကဆစ်ရပ်ကွက် ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ မြို့နယ်စာရေးဆရာအသင်း ရုံးခန်း၌  စာရေးဆရာ အသင်းဝင်များအား ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မြတ်မင်းသန့် က “၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အခက်အခဲများ ကြုံတွေ့လျက်ရှိသော  မြို့နယ်စာရေးဆရာအသင်း အနေဖြင့် အသင်းဝင်များအား  အခြေခံ စားသောက်ကုန်များနှင့် ထောက်ပံ့ငွေ အနည်းငယ်ကိုသာ ထောက်ပံ့ပေး နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်တွင် အသင်းဝင်များအတွက် အထောက်အကူပြုစေရေးနှင့် ပိုမိုအဆင်ပြေစေရေးအတွက် အသင်းဝင် တစ်ဦးလျှင် ငွေကျပ်  ၁၅၀၀၀၀ နှုန်းဖြင့် မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့များက စီစဉ်မှုဖြင့် ထပ်မံ၍ ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း ၇ ကြိမ်မြောက် ထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်း ” ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးစံထွန်း(စံထွန်း-ဒလ)  က အသင်းသား များအား ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့က  အသင်းဝင် ၁၈ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၇ သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် စာရေးဆရာအသင်းအနေဖြင့် သူရဲကောင်းမြို့ အမည်ရှိသော မဂ္ဂဇင်း အမှတ်-၁ စာအုပ်ကို ၂၀၁၉ ခုနှစ် အတွင်း ထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။

နိုင်လင်းကျော်(IPRD)