ကျိုက်မရော၌ ရာသီမရွေး စိုက်ပျိူးနိုင်သော ကြက်ဟင်းခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေ

ကျိုက်မရော ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌ ရာသီမရွေးစိုက်ပျိုးနိုင်သည့် ကြက်ဟင်းခါးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဘိန်း​ဗျောကျေးရွာမှ ကြက်ဟင်းခါးသီး စိုက်ပျိုးရောင်းချသူ ဦးစည်သူထံမှ သိရသည်။
အဆိုပါ ကြက်ဟင်းခါးသီးပင်များကို နိုဝင်ဘာလဆန်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး ကြက်ဟင်းခါးပင်ကို အစေ့မှပျိုး၍ အညွှန့်တက်လာပါက စင်ပေးကာ စနစ်တကျစိုက်ပျိုးကြပြီး ဇန်နဝါရီလ ပထမအပတ်တွင် စတင်ခူးနှံနိုင်ပြီး တစ်လုံးလျှင်၂၀၀ ကျပ်ရရှိကာ တစ်နေ့လျှင် အတောင့်ရေ၃၀၀မှ ၄၀၀အထိခူးနှံနိုင်ပြီး ၃ ရက်ခြားတစ်ကြိမ် ခူးနှံရကြောင်း တစ်ကြိမ်ခူးလျှင်ဝင်ငွေခုနှစ်သောင်းရရှိကာ တစ်လလျှင် ငွေကျပ် တစ်သိန်းကျော်ရရှိသဖြင့်  တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချနိုင်ပြီး နေ့စဉ် ပုံမှန်ငွေရရှိသည့်အတွက် မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘိန်းဗျောကျေးရွာသည် စိုက်ပျိူးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာဖြစ်ပြီး ရေမြေ သဘာဝမြေသြဇာလည်း ကောင်းမွန်သဖြင့် သီးနှံပင်များအထူးဖြစ်ထွန်းအောင် မြင်ပြီးအချို့က တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အချို့က စီးပွားဖြစ် စိုက်ပျိုးရောင်းချကြကြောင်း ဒေသခံ သီးနှံစိုက်တောင်သူများထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)