မိတ္ထီလာ ဇန်နဝါရီ ၉
မိတ္ထီလာတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း ဆောင်ရွက်သော စာပေဗိမာန်စာပေစာမူဆု ဝတ္ထုတိုပေါင်းချုပ်ဆုရ စာရေးဆရာအား ဂုဏ်ပြုပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဦးစီးဌာနရှိ လူထုထုအခြေပြု ဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်/ဆက် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်ထံသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့စာကြည့်တိုက်အတွက် သုတရသစာအုပ်များကို မြို့နယ်စာရေးဆရာ အသင်းနာယက စာရေးဆရာထီလာ ဖိုးဘထိန်ကလည်းကောင်း၊ မုံရွာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ နေမင်းသန်းက ပေးပို့လှူဒါန်းသည့် ဘဝတွက်တာ အရေးပါ ကဗျာသံပေါက်များ စာအုပ်များကို မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာတင်သော် က လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းသည်။
၂ဝ၂ဝ ပြည့်နှစ်စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ်ဆုအား ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများစုစည်းမှုစာအုပ်ဖြင့် တတိယဆုရှိခဲ့သည့် မိတ္ထီလာမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော် ထံသို့ ဂုဏ်ပြုလက်ဆောင်ကို လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လည်းကောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ ကြည်သိန်းဇော်က လည်းကောင်း ပေးအပ်သည်။
မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌထံသို့ ဂုဏ်ပြုလက်ဆောင်နှင့် အသင်းရန်ပုံငွေ တစ်သိန်းကျပ်ကို ဒေါက်တာ ခင်မောင်မြင့် (ဇော်-ဆေးရုံ)မိသားစုက ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဆုရစာရေးဆရာအတွက် မုဒိသာစကားများကို တက်ရောက်လာကြသည့် ကဗျာဆရာများ၊ စာရေးဆရာများက ပြောကြားပြီး ဆုရစာမူနှင့် ပတ်သက်သည့် အကြောင်းအရာများကို စာရေးဆရာ တင်သော်က ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ