ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းအမှိုက်ကောက်ပွဲကျင်းပ

စစ်တွေ ဇန်နဝါရီ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးဆောင်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ပြီး စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ပွိုင့်ကမ်းခြေ၌ ကျင်းပသည်။

စုပေါင်းအမှိုက်ကောက်ပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရေးအတွက် လူထုလှုပ်ရှားမှု စုပေါင်းအမှိုက်ကောက်ပွဲ ဆောင်ရွက်ရင်း နောင်မျိုးဆက်များ အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ကောင်းမွန် သန့်ရှင်းပြီး ရောဂါဘယကင်းဝေးသည့် အနာဂတ်ကို ချန်ထားခဲ့နိုင်ရန် ယခုကဲ့သို့ လှုံဆော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံအပြား၌ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုနှင့်အတူ သဘာဝ သယံဇာတများ လျော့နည်းဆုံးရှုံးလာခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းစသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထိုကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများမှာ ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကလည်း တစ်ခုအပါအဝင်ဖြစ်လာပြီး မိမိတို့၏ကမ္ဘာပေါ်မှာ အလေးထားဖြေရှင်း ဆောင်ရွက် သွားရမည့် ကိစ္စရပ်တစ်ခုဖြစ်လာပါကြောင်း၊ ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်းသယံဇာတများဖြစ်သည့် ဒီရေတောများ၊ ကမ်းနီးကမ်းဝေး သန္တာ ကျောက်တန်းများ၊ ရေနေသတ္တဝါများ လွန်စွာပေါများသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ လူထုစုပေါင်းအမှိုက်ကောက်ပွဲသည် ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်းစေသော၊ အဏ္ဏဝါသက်ရှိများ ပျက်စီးစေသော၊ သန္တာကျောက်တန်းများကို ပျက်စီးစေပြီး လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက် နေသော တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချခြင်းဖြစ်ပြီး ရေရှည်စဉ်ဆက် မပြတ်သော အခြားနည်းလမ်း(သို့မဟုတ်) ပစ္စည်းများ ရှာဖွေဖော်ထုတ်ခြင်းတို့ကို အတူတကွပူးပေါင်း ဆောင်ရွက်ကြရန် အစိုးရ၊ စက်မှုလုပ်ငန်းများ၊ ပြည်သူအစုအဖွဲ့များနှင့် တစ်ဦးချင်းစီကို တိုက်တွန်း လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည်စိမ်းလန်းသန့်ရှင်းသော အနာဂတ်ဆီသို့အသိပညာပေးမြေစိုက်ပိုစတာအား စိုက်ထူပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပါဝင်သည့် စုပေါင်းအဖွဲ့သည် လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် ပွိုင့်ကမ်းခြေမှ စစ်တွေဟိုတယ် ကမ်းခြေအထိ စုပေါင်းအမှိုက်ကောက်ပွဲကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)