လဲချား ဇန်နဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယနေ့ နံနက်( ၉ ) နာရီက နားမန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးမှ နိုင်ငံသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားကို တန်ဖိုးထားကိုင်ဆောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျေးရွာနေပြည်သူများ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ဒု -လဝကမှူး ဦးစိုင်းရွက်ဖနှင့် အဖွဲ့ဝင်များက နားမန်းကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်မပြုလုပ်ရသေးသူ ကျား(၂၃) ဦး၊ မ (၇၆) ဦး စုစုပေါင်း (၉၉) တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ် ပေးခဲ့သည်။ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်စိစစ်ရေးကတ် ပြုလုပ်ပေးခြင်းကို ကျေးရွာအုပ်စုများအလိုက်အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရသိရသည်။
လွှမ်းသူနောင် (လဲချား)