မြောက်ဦးမြို့ပေါ်၌  အထူးဈေးရောင်းပွဲတော် စည်းကားသိုက်မြိုက်စွာရောင်းချ

မြောက်ဦး ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပေါ်၌ အထူးဈေးရောင်းပွဲတော်ကို ကုန်သည်တန်း ရပ်ကွက် နန်းတော်ရာကုန်းရှေ့ ဘောလုံးကွင်း (ဟောင်း) တွင် (၈.၁.၂၀၂၂)ရက်နေ့ ညနေ (၆)နာရီ မှ စတင်ကာရောင်ချနေပြီး  (၁၂.၁.၂၀၂၂) ရက်နေ့အထိ (၅) ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာရောင်းချလျက် ရှိကြောင်းသိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်း နှင့်အညီ မြို့ပေါ်ရပ်ကွက်နေမိဘပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ပြီးမှသာလာရောက်ရန် ကြိုတင်အသိပေးထားပါသည်။ ဈေးသည်များသည် ခလေးကစားစရာ သေနတ်၊ အရုပ် ၊ အဝတ်အထည်များနှင့် မိန်းခလေးများအတွက် မိတ်ကပ်မျိုးစုံ၊ နှုတ်ခမ်းနီ စသောအလှကုန် ပစ္စည်း မျိုးစုံကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိပါသည်။ ကလေးဆော့စရာများဖြစ်သည့် ပင်လယ်ဓါးမြ၊ အပျော်စီးလှေ၊ ခလေးစီးချားဝိုင်း၊ ပျော့ပျော့အိကစားကွင်း၊ အပျော်တမ်း ပူစီပေါင်းပစ်၊ အပျော်တမ်း ဘောလုံးပစ်၊ အပျော်တမ်းတက္ကလပ်ဘောလုံးပစ် များဖြင့် ကလေးများ ဆော့ကစားစရာ ထားရှိကြောင်း အစားအသောက်များမှာလည်း ယိုးဒယားပေါက်ပေါက်၊  ယိုးဒယား မစ်ရှိတ်၊ ကိုးရီးယား ပင်လယ်အစားအစာ၊ ငုံးကြော်၊ ငုံးကလီစာကြော်၊ ဝက်သားတုတ်ထိုး၊ ရခိုင်မုန့်တီများကို ရောင်းချပေးလျက်ရှိကြောင်း အိမ်အသုံးအဆောင် ပစ္စည်းနှင့် မီးဖို ချောင်သုံး ပစ္စည်းများမှာလည်း ထမင်းပေါင်းအိုး၊ မီးပူ ၊ (၃) မိနစ်ရေအိုး၊ လျှပ်စစ်မီးဖို၊ စတီးချိုင့်၊ ဖျော်ရေစက်နှင့် ဖိုက်ဘာပစ္စည်း အမျိုးစုံတို့ကို ဈေးနှုန်းမှန်ကန် စွာဖြင့်ရောင်းချပေးလျှက်ရှိကြောင်း  ရခိုင်ဒေသ ဖြစ်သည့်အတွက် ရခိုင့်ရိုးရာ ပုဆိုး၊ တိုက်ပုံအကျီ နှင့် မိန်းခလေးများအတွက် ရခိုင်အချိတ်ထဘီ များကိုပါ ရောင်းချပေးလျှက်ရှိသည်။ မြို့ပေါ် ရပ်ကွက်တိုင်းမှ မိဘပြည်သူများသည် အထူးဈေးရောင်းပွဲတော်သို့ သွားရောက်ကြပြီး ပစ္စည်းများ ကိုဝယ်ယူအားပေးလျက်ရှိကြောင်း  သိရှိသည်။

မြင့်စိုး (ပြန်/ဆက်)