ရန်ကုန် ဇန်နဝါရီ ၉
ပြည်သူများလာရောက် အပန်းဖြေနိုင်ရန်နှင့် ရေဆေးပန်းချီကားများ ကြည့်ရှုနိုင်ရန်အတွက် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် ၂၀၉ ပထမထပ် ၃၇ လမ်းအထက်ဘလောက်ရှိ Hope Arts Space တွင် ယမန်နေ့ နံနက်ပိုင်းက အနုပညာလက်ရာပြပွဲများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် ပန်းချီပြပွဲကျင်းပနိုင်ခြင်း၊ စတူရီယိုကျင်းပပြုလုပ်နိုင်ခြင်း၊ သီချင်းများနား ထောင်နိုင်ခြင်း၊ ဓာတ်ပုံများရိုက်နိုင်ခြင်း၊ အင်တာနက်လိုင်းအသုံး၍ အနားယူနိုင်ခြင်း၊ ကော်ဖီသောက်လို့ ရခြင်းစသည့် အနုပညာရပ်ဝန်း တစ်ခုအဖြစ် စီစဉ်ဆောင်ရွက်ထားပြီး ပန်းချီဆရာဌေး၀ဏ္ဏရှိန်က တစ်ကိုယ်တော် ပန်းချီပြပွဲကို စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။
ပြပွဲတွင်ရေဆေး ပန်းချီကား ၂၇ ကားကို ၅ ရက်ကြာ ချိတ်ဆွဲပြသမှာဖြစ်ပြီး၊ ကိုဗစ်အလွန် ကာလ ဖြစ်တဲ့အတွက် ပန်းချီဝါသနာရှင်များအား အမြတ်အစွန်းကိုအဓိက မထားဘဲ အများစုဝယ်ယူ အားပေး နိုင်မည့် သင့်တင့်သော စျေးနုန်းဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြပွဲကို ဇန်နဝါရီ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ပြသသွားမည် ဖြစ်ကြောင်းသိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)