ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စာပေမှ ဗဟုသုတများစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ အင်းစိန်မြို့နယ် Book Club အသင်းစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည် ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ ရန်နောင်(ပညာရေး)က အမှာစကား ပြောကြား ပြီးနောက် စာဖတ်ဝိုင်းကို စတင်ရာ စာရေးဆရာ ဒေါက်တာဗိုလ်သံဏိ (တောင်တွင်းကြီး)က ကျွန်တော်လေးစားသော စာရေးဆရာ ကြီး တစ်ယောက်အကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝစာပေနှင့် သမိုင်းဝင်အဆိုအမိန့်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ၊ စာရေးဆရာများနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ပြီး ကိုဗစ် -၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို