မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်

မုဒုံ   ဇန်နဝါရီ 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေး ဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ ကူညီပံ့ပိုးမှု များအပြင်  ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု  ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများ ဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကို ကာကွယ် တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည် ဖြစ်ကြောင်း၊  မိဘပြည်သူများအနေနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး  ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ အနေဖြင့် ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင် ပေးကြပါရန်  တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)