မော်လမြိုင် ဇန်နဝါရီ ၉
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကျက်သရေဆောင် သမိုင်းဝင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး ဖူးမြှော်ကြည်ညို ကန်တော့ကာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင်ပြည်သူများက တစ်ပေ ပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေးအတွက် ရင်ပြင်တော်ပေါ်သို့ တင်ဆောင် ကုသိုလ်ယူ လုပ်အားပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်သလ္လံ စေတီတော်မြတ်ကြီး ရင်ပြင်တော်အပြည့် စကျင် ကျောက်ပြားများ ခင်းကျင်းနေမှု၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်များ ဖောက်လုပ်နေမှု၊ မိုးတွင်းကာလ ရင်ပြင်တော်ပေါ်တွင် ရေတင်ကျန်မှုမရှိစေရေးတို့ လုပ်ကိုင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်တွင် ထင်ရှားကျော်ကြားသည့် ဖူးမြှော်ကြည်ညိုဖွယ်ရာ သမိုင်းဝင် တန်ခိုးကြီး ဘုရားများစွာရှိသည့်အတွက် ကိုဗစ်-၁၉ အလွန်ကာလ ဘုရားဖူးရဟန်းရှင်လူပြည်သူများ စိတ်နှလုံး အေးချမ်းစွာ ကုသိုလ်ယူနိုင်ကြရေး ဆရာတော်ကြီးများ ဦးဆောင်ကာ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောက်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)