သံတွဲ ဇန်နဝါရီ ၉
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆရာတော်ကြီးများ၊ ဂန္တဓုရပရိယတ္တိဝန်ဆောင်စာချ ဆရာတော်များ၊ ဝိပဿနာ ဓုရပဋိပတ္တိဝန်ဆောင် ကမ္မဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြု ပုဂ္ဂိုလ်များအား သာသနာတော် ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်လှူဒါန်းအပ်နှင်းခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ဆရာတော်ကြီးများနှင့် သီလရှင် (၁၈)ပါးရရှိကြောင်း သိရသည်။
ထိုသို့ရရှိသည့်အထဲမှ သံတွဲမြို့ ၊မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆပ်ကပ် လှူဒါန်းခြင်း ခံရသော သုခဝတီပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္ဒစန္ဒိမာနှင့် ယမန်နေ့ က တွေ့ဆုံ၍ ဝမ်းသာပိတိ စကားသံများကို မေးမြန်းခဲ့သည်။
ဆရာတော်မှ ရခိုင်ပြည်နယ်အတွင်း ဆရာတော်ကြီးများနှင့် သီလရှင်(၁၈)ပါး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆပ်ကပ် လှူဒါန်းခြင်းခံရကြောင်း၊ ထိုအထဲတွင် သံတွဲမြို့၌ ဆရာတော်(၃)ပါး ရရှိသည့်အနက် ဆရာသမားဖြစ်သည့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်မှာ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ညီတော်ဖြစ်သည့် ရောင်ခြည်ဦးကျေးရွာ ဓမ္မဂုဏ်ရည်ပရိယတ္တိ စာသင်တိုက် ဆရာတော်မှာ ဂန္ဓဝါစကပဏ္ဍိတ ဘွဲ့နှင့်ဦးပဉ္ဇင်းကတော့ မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်များရရှိခဲ့ကြောင်း၊ ဒီလို ဆရာတော်၊ သံဃာတော်များက တစ်ဖက်တစ်လမ်းမှ သာသနာပြု လုပ်ငန်းများဆောင်ရွက်သည့်အတွက် ထိုက်သင့်သည့် ဘွဲ့တံဆိပ်တော်များ ဆပ်ကပ် လှူဒါန်းပေးသည့် နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်ပြီး သာသနာအကျိုး၊ တိုင်းကျိုးပြည်ပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မိန့်ကြားသည်။
အဆိုပါ ဆရာတော်မှာ သက်တော် (၅၂)နှစ်၊ ဝါတော်(၂၉)ဝါရှိပြီး၊ သံတွဲမြို့ညောင်ပင်သာ ကျေးရွာရှိ သုခဝတီပရိယတ္တိစာသင်တိုက်၊ သုခဝါသဓမ္မရိပ်သာတွင် သီတင်းသုံးနေထိုင်ပြီး ၂၀၁၅ ခုနှစ်တွင် သဒ္ဒမ္မမဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခံရပြီး၊ ယခု ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ် မဟာသဒ္ဓမတဇဇောတိကဘွဲ့ကိုထပ်မံ ဆပ်ကပ်လှူဒါန်းခြင်း ခံရကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)