နောင်ချို ဇန်နဝါရီလ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက်ရှိ “ ချစ်ချို” ၅၀၀ ကျပ်တန် ထမင်းဆိုင်သို့ ယမန်နေ့ကသွားရောက်ပြီး ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။
“ချစ်ချို” ၅၀၀ ကျပ်တန် ထမင်းဆိုင်ကိုနောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ အကွက် (၃)၊ နယ်မြေ -၁၂၊ အင်ကြင်း လမ်းသွယ်-၂ ရှိ ဒေါ်ခင်ချိုဦး၏ နေအိမ်ရှေ့တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်း၊ ထမင်းဆိုင်လေးကို စရောင်းဖြစ်တဲ့ အခြေအနေကတော့ အိမ်မှာဆန်တွေရှိနေတဲ့အချိန် ဟင်း ဖိုးလေးရင်းလိုက်ရင် ထမင်းဆိုင်ဖွင့်လို့ရပြီး ကုသိုလ်လည်းဖြစ်အောင် စားတဲ့သူတွေလည်း ငွေ ၅၀၀ ကျပ်နဲ့ စားနိုင်အောင်ဆိုတဲ့ စိတ်ကူးနဲ့ ဖွင့်လှစ်ဖြစ်ခဲ့တာဖြစ်ကြောင်း၊ ရောင်းတဲ့နေရာမှာ အသားဟင်းတစ်ခွက်၊ အရန် ဟင်းတစ်ခွက်၊ အချဉ်ရည်ဟင်း၊ ငါးပိထောင်းလေးပါ စီစဉ်ထားပေးကြောင်း၊ ဟင်းသီးသန့် လာဝယ်ယူများ လည်းရှိကြောင်း၊ အလှူရှင်များလည်း ထမင်းဆိုင်သို့ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း၊ ၎င်းလှူဒါန်းငွေ များဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဆိုင်ဖွင့်လှစ်သည့် တစ်လပြည့် အထိမ်းအမှတ်အဖြစ် ချက်ပြုတ်လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါနေ့တွင် မည်သူမဆိုလာရောက်၍ သုံးဆောင်နိုင်ကြောင်း၊ အလှူရှင်များ လည်း ကုသိုလ်ရ၊ စိတ်ချမ်းသာရပြီး မိမိကိုယ်တိုင်လည်း ဝမ်းသာပီတိဖြစ်ရအောင် စီစဉ်ရခြင်းဖြစ်ကြောင်း ဆိုင်ရှင်၏ ပြောကြား ချက်အရ သိရသည်။
နောင်ချိုမြို့နယ်တွင် ယခင်က ၅၀၀ ကျပ်တန် ထမင်းဆိုင်ရောင်းချသူ မရှိပဲ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စပြီး “ချစ်ချို” ထမင်းဆိုင်မှ တစ်ခါပြင် ၅၀၀ ကျပ်နှုန်းဖြင့် ကုသိုလ်အဖြစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ် (ပြန်/ဆက်)