ကျောက်မဲ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ဗဟို ဈေးမြောက်ဘက်၊ ပဉ္စသီလမ်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများနှင့် ပြည်သူလူထုများ တက်ရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ကျောက်မဲမြို့ ဗဟိုဈေးကြီး မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍ အဆိုပါသရုပ်ပြပွဲကို ပြုလုပ်ရခြင်းဖြစ် ကြောင်း၊ သရုပ်ပွဲတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ရေငုတ်များမှ ရေများဖြင့် လက်တွေ့မီးငြှိမ်း သတ်ခြင်းလည်းကောင်း၊ ဈေးသူဈေးသားများနှင့် ပြည်သူ လူထုများက ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဝယ်ယူရရှိသော အဆင့်မြင့် ရှာဖွေကယ်ရေးပစ္စည်း (Hidrauoic Tools) အသုံးဝင်ပုံများကိုလည်းကောင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး၏ ပြောကြားချက်အရ သိရသည်။
ယင်းနောက် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက မီးသတ်တပ်ဖွဲ့ဝင်များအား ဩဝါဒအမှာစကား ပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေများချီးမြှင်ပေးခဲ့ကာ အခမ်းအနားသို့ တက်ရောက် လာသူများက ခင်းကျင်းပြသထားသည့် အဆင့်မြင့်ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)