ပျဉ်းမနားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်

ပျဉ်းမနား ဇန်နဝါရီ ၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ပိုင်းက ပျဉ်းမနားမြို့ ဘောဂဝတီ ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးကျော်သိန်းဆိုင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက် ပေးနေမှုအခြေ အနေများကို ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေးစာရင်း အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးအားပေးကာ ပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်း အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် အသက်(၁၆)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်း၊ အိမ်‌ထောင်စုလူဦး‌ရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်သွင်းပေးခြင်း၊ သေစာရင်းပယ်ဖျက်ခြင်းနှင့် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်‌ပေးလျက်ရှိရာ ပျဉ်းမနားမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၈၄၅)ကတ်နှင့် အိမ်ထောင်စု(၆၃၆)စုတို့အား အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးပြီးဖြစ်ကာ ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း အရှိအဟုန်ဖြင့် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး၊  ဦးစီးမှူးဦးသန်းထွန်းအောင်ထံမှ သိရသည်။

ဇော်ဖြိုး(ပြန်/ဆက်)