စဉ့်ကိုင်မြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (၁၀၂၈၃၉) ဦး ထိုးနှံပေးပြီးဖြစ်

စဉ့်ကိုင် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိရာ ဇန်ဝါရီ (၇) ရက်နေ့ အထိ   (၁၀၂၈၃၉) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့   ကာကွယ်ဆေးများ   ထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့  ကျန်းမာရေးဦးစီးဌာနနှင့်   ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာ သက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး)၊  ကျောက်ဆည်တက္ကသိုလ်တွင်  ဦးစောအေး  (ကျန်းမာရေးမှူး) တို့က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ  ၀န်ထမ်းများ၊  ပညာရေးဌာနမှ  ၀န်ထမ်းများ၊  မီးသတ်တပ်ဖွဲ့၀င်များ၊  မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊  ပရဟိတအသင်းအဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ  ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီတို့၏ ကြီးကြပ်မှုဖြင့်   Omicron  အပါအဝင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကို  သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါ  ကူးစက်မှု လျော့နည်းစေရေးအတွက်  သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ   အုပ်ချုပ်ရေးမှူးများ၊  ပရဟိတ အဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများ သိရှိလိုက်နာစေရန်၊  အသံချဲ့စက်များ ၊Hand  Spaker များဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေး လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ(၇)ရက်နေ့ထိ First Dose  (၅၅၅၅၇) ဦး နှင့် Second Dose   (၄၇၂၈၂) ဦးတို့အား   ထိုးနှံပေးပြီး ဖြစ်ရာ   ကျန်ရှိသူများကိုလည်း  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက  ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း(စဉ့်ကိုင်)