မိုးညှင်း ဇန်နဝါရီ ၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင် နှစ် နေ့သင်တန်းများကို ဇန်နဝါရီ(၆)ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာနှင့် အညီ အဆင့်မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ (၆) ရက်နေ့မှ စတင်၍ ၂၀၁၉-၂၀၂၀ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ် နေ့သင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို တစ်ပြိုင်နက်တည်းဖွင့်လှစ်ပေးခဲ့ရာ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင်လည်း ဖွင့်လှစ်သင်ကြား ပေးနေပြီဖြစ်ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်တွင် နေ့သင်တန်းများဖွင့်လှစ်သင်ကြားပေးရာ၌ ဇန်နဝါရီလ(၇)ရက်နေ့ထိ ဂုဏ်ထူးတန်း တတိယနှစ်တွင် (၁၁)ဦး၊ မဟာအရည်အချင်းစစ်သင်တန်းတွင် (၃)ဦးနှင့် မဟာဘွဲ့ သင်တန်းပထမနှစ်တွင် (၁၆)ဦး စုစုပေါင်းကျောင်းသားကျောင်းသူ (၃၀)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံရန်ကျန်ရှိ နေသေး သည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံပေးလျက် ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)