လားရှိုး ဇန်နဝါရီ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးမှ မိမိတို့ဌာနအနေဖြင့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့်လုပ်ငန်း တာဝန်များအတိုင်း လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး၊ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာနှင့် ကာယဉာဏ စွမ်းရည်များဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာမိတ်ဘက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၊ အစည်းအဝေး ခန်းမ၊ ကွန်ပျူတာခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမနှင့် ဟင်းလင်းပြင်ရှိ အားကစား ပစ္စည်းများအားအခမဲ့လာရောက် အသုံးပြုနိုင်ကြောင်း၊ Community Centre သည် လူထုအခြေပြုဗဟိုဌာန ဆိုသည့်အတိုင်း လားရှိုးမြို့ရှိပြည်သူများအတွက် အကျိုးရှိစွာအသုံးချနိုင်သည့်အဆောက်အဦဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ အားလပ်ချိန်၌ Community Centre ရှိ ပြည်သူ့ စာကြည့်တိုက် တွင် အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း Community Centre နှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားပေးခဲ့သည်။ ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရာ လားရှိုးမြို့ပေါ်ရှိအခြေခံကျောင်း(၅)ကျောင်းမှ ကျောင်းသားကျောင်းသူများက ပါဝင် ယှဉ်ပြိုင်ခဲ့ကြ သည်။
အစီအစဉ်အရ ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများက ပြည်သူ့ စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ Mini Museum တွင် ပြသထားသော တိုင်းရင်းသား ရိုးရာပစ္စည်းများ၊ စာပေဗိမာန်စာအုပ်ရောင်းဆိုင်ရှိ စာအုပ်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး