ရမည်းသင်းမြို့ မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရမည်းသင်း ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ် မြိုးမဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းက မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားကာ ဈေးကြီးအတွင်း ဈေးသည်များမှ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ် ယာဉ်(၄)စီးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် အပေါ့စားမီးစက်ဖြင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။.       

အဆိုပါ အခမ်းအနားသို့ ရမည်းသင်းမြို့ အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်နယ်မှူး ဗိုလ်မှူး ဇော်မြင့်ဦး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဒေါ်မေသင်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်များ၊ ဈေးသူ၊ ဈေးသားများ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။    

ခရိုင်ပြန်/ဆက် (ရမည်းသင်း)