ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ (၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲမြောင်း ရေတံခါးအဆောက် အအုံအား ပြန်လည်ပြုပြင်

ကျောက်ဆည် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ (၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲမြောင်း ရေတံခါးအဆောက်အအုံအား ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရ သည်။

ရေတံခါး အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် (၃၀)သန်း အကုန်အကျခံကာ ရေတံခါး အဆောက်အဦ၏ အဝင်အထွက်နေရာများတွင် အလျား(၃၂)ပေ၊ အကျယ်(၁၁.၇၅)ပေ၊ အမြင့်(၁၅)ပေ အတိုင်း အတာရှိ မြောင်းဘောင် ကြမ်းခင်းများ ကျောက်စီခြင်း၊ အလျား(၅.၅)ပေ၊ အနံ(၅.၅)ပေ အရွယ်အစားရှိ ရေတံခါး ချပ် (၄)ခုနှင့် ဂီယာအုံများ အသစ်လဲပေးခြင်း လုပ်ငန်းများ ဆောက်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းများပြီးစီးပါက မင်းရဲရေမြောင်းမှ သီးနှံစုံစိုက်ပျိုးရေး အသုံးပြုလျက်ရှိသော မြေဧက (၉၅၇၃) ဧကအတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် လိုအပ်သလို ပေးဝေထိန်းညှိနိုင်ပြီး ရေအလေအလွင့်ဆုံးရှုံးမှု လျော့နည်းစေကာ လိုအပ်သည့် ရေပမာဏ ပြည့်မီစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)