မော်လမြိုင် ဇန်နဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အမျိုးသမီးများအတွက် လူမှုစီးပွား ဘဝ အထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက်၉ နာရီခွဲက မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ အဆိုပါဌာနရှိ Incubation Center တွင်ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင်မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှူးဒေါ်နွယ်နွယ်ဝါက မိမိတို့ဌာန အနေဖြင့် နိုင်ငံတစ်ဝန်း အသေးစားစက်မှု၊ လက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရေး အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ စက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးခြင်း သည် အမျိူသမီးများ ကိုယ်ပိုင်လုပ်ငန်းငယ်ဖြင့် အိုးမကွာ၊ အိမ်မကွာ မိသားစုဝင်ငွေ ရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ် ကြောင်း၊ နည်းပညာ ကိုအသုံးချ၍ ခေတ်မီ ဒီဇိုင်းများ ဖန်တီးကာ စျေးကွက်ဝင်အထည်များချုပ်လုပ်နိုင်သည်ထိ ထိုးဖောက်ရောင်းချနိုင်မည့် ရည်ရွယ်ချက်တို့ဖြင့် သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် အမျိုးသမီးဝတ် အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ ဘောင်းဘီ၊ ထမီ၊ ချိတ်စကတ်၊ သုံးလွှာ စကတ် အစရှိသည်တို့၏ ဒီဇိုင်းရေးဆွဲနည်းနှင့် ချုပ်နည်းတို့ကို ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် စာတွေ့/လက်တွေ့အခမဲ့သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလကိုဇန်နဝါရီ ၇ ရက်မှဖေဖော်ဝါရီ ၅ ရက်နေ့ထိ သင်ကြား ပေးရာတွင် သင်တန်းသူ ၁၃ ဦးတို့က တက်ရောက် သင်ကြား မည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)