သံဖြူဇရပ် ဇန်နဝါရီ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ကိုဆောင်ရွက် လျက်ရှိရာ ယမန် နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံ နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ် ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသို့သွားရောက်မလည်ပတ်ကြရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်းMask ကိုစနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများ ကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာ ခဏဆေးရန်၊ လက်မဆေး ဘဲပါးစပ်၊နှာခေါင်း၊ မျက်စိတို့ကိုပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသော အခန်း၌ သာနေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရ မည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများ အားကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)