မြေပုံ ဇန်နဝါရီ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန် ပြည်သူစာကြည့်တိုက် ထားရှိပေးသော်လည်း အလုပ်မအား၍ စာကြည့်တိုက်သို့ စာအုပ်များလာရောက် ငှားရမ်းနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့ မွန်းလွဲ ၁ နာရီက မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်များ နယ်လှည့်စာကြည့် ကွင်းဆင်း ဆောင်ရွက်ပေး ကြသည်။
ထို့သို့ စာအုပ်များ ငှားရမ်းပေးရာတွင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များအား အခမဲ့ငှားရမ်းပေးကြသည်။
“အခုလို နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးတဲ့အတွက် အလုပ်ပါးတဲ့အချိန်မှာ စာဖတ်ခွင့် ရကြပါတယ်။ အိမ်မှာ အားလပ်ချိန်ဆိုလည်း စာဖတ်လို့ရတယ်။ ငှားရမ်းထားတဲ့ စာအုပ်များကို တစ်ပတ်ပြည့်မှ ပြန်အပ်နိုင်အောင် စီစဉ်ပေးထားတဲ့အတွက် နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်ပေးတာ ကျေးဇူးတင်ပါတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကျော်ဦး က ပြောပြသည်။
“နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်ကို အချိန်ပေးပြီး မလာရောက် နိုင်သူများလည်း စာအုပ်စာပေ လေ့လာဖတ်ရှုခွင့်ရပါတယ်။ နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်၍ ငှားရမ်းထားတဲ့ စာအုပ်များကို တစ်ပတ်ပြည့်ပါက စာအုပ်များ ပြန်အပ်နိုင်ရေးနှင့် စာအုပ်များထပ်မံ ငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်း ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်ဟူ” မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ပြောကြားသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)