နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်စံဝင်း၏ “ရည်မှန်းရမည့်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

နမ္မတူ   ဇန်နဝါရီ  ၇

စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ ချစ်စံဝင်း၏ “ရည်မှန်းရမည့်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “ရည်မှန်းရမည့်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ အဖွဲ့ဝင် မပိုးမဉ္ဇူက “ရည်မှန်းရမည့်ပန်းတိုင်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မပိုပိုအောင်က “ကြိုးပမ်းမှုနှင့်ပန်းတိုင်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Woman Club)အဖွဲ့ဝင် မတင်ကြည်ပြာဌေးက “သတ္တိနှင့်ပန်းတိုင်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဇွန်ပွင့်ဖြူက “ဝီရိယနှင့်ပန်းတိုင်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် သုသုနိုင်က “ငြင်းဆိုခြင်းနှင့်ပန်းတိုင်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့သည်။

ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ လစဉ်တစ်လလျှင်တစ်ကြိမ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။

လူမော်