ခေါဇာ ဇန်နဝါရီ ၇
မော်လမြိုင်ခရိုင် ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်"အိုမီခရွန်" ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးလိုက်လံနှိုးဆော်သည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်း အဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန် ကူးစက် ပျံ့နှံမှုသည်အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံ များဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံသို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကိုဆက်လက် ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြု ကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင် ပေးကြပါရန် တိုက်တွန်းနှိုးဆော် ခဲ့ကြောင်းသိရသည်။
ခေါဇာပြန်/ဆက်