လယ်ဝေး ဇန်နဝါရီ ၇
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများပြုလုပ်ပြီး အလှည့်ကျကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေး ဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနခွဲများတွင် ဇန်နဝါရီ(၅)ရက်နေ့အထိ အသက်ကြီးသူများ၊ ဦးတည်အုပ်စုအလိုက် ပြည်သူ(၁၆၁၀၆၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)