ကျောက်ပန်းတောင်းမြို့နယ် မကျီးငုတ္တိုကျေးရွာတွင်ဆောင်ရွက်လျှက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လဘဏ္ဍာရေးနှစ်ဖြင့် ဆောင်ရွက် လျှက်ရှိသော မကျီးငုတ္တိုကျေးရွာ၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို၊ ဇန်နဝါရီ(၇)ရက်နေ့ နံနက်(၁၀)နာရီက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူး ဦးခင်မောင်ကျော်၊ ကျောက်ပန်းတောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာ များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မကျီးငုတ္တိုကျေးရွာ ကျေးလက်ရေပေးရေးလုပ်ငန်းတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း(၄ လက်မအဝကျယ်/ GI ၆၀၀ ပေ)၊ ရေဂါလံ(၂၄၀၀)ဆံ့ စင်မြင့် ရေစင်(၁)ခု၊ (၁၀ပေ×၈ပေ×၈ပေ) ရေစက်ရုံ(၁)ခု တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ခွင့်ပြုငွေကျပ် (၂၆.၆၀၆)သန်းဖြင့် Thant Construction ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး၊ လုပ်ငန်းများ စတင်ဆောင် ရွက်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ခရိုင်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းမှတ်တမ်းများ စနစ်တကျထားရှိရန်နှင့် Penetration Rate များ ထားရှိရန်၊ ကွင်းဆင်းစစ်ဆေးချက်မှတ်တမ်းများ ထားရှိရန်၊ လုပ်ငန်းဆိုင်းဘုတ် စိုက်ထူထားရန်နှင့် လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)