ရပ်စောက်၌ လမ်းသွားလမ်းလာပြည်သူများအား (RDT) Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း ဆောင်ရွက်

ရပ်စောက် ဇန်နဝါရီ   ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ လမ်းသွား လမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ရှောင်တခင်စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုအဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့် မြို့ဝင်/မြို့ထွက် ဂိတ်များတွင် လမ်းသွား လမ်းလာ ပြည်သူများအား (RDT) Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ (အခမဲ့)ရှောင်တခင် စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ပိုးတွေ့ရှိမှုနှုန်း ယခင်က ၃၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ယခု သုည ဒသမ ၁ ရာခိုင်နှုန်းသာ တွေ့ရှိတော့သည့်အတွက် ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ယခင်ကထက်ပိုမိုကျဆင်း လာကြောင်းနှင့် မြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ ယမန်ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာစုစုပေါင်း (၃၂၅၀)ဦး၊ ပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူစုစုပေါင်း (၃၁၈၃)ဦး၊ ဆေးကုသမှု ခံယူလျက်ရှိသူဦးရေစုစုပေါင်း (၁)ဦးနှင့် သေဆုံးလူနာစုစုပေါင်း (၆၆ )ဦးရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ သိရှိရသည်။

 ရဲထက်ဦး